ကြွက်သားနာကျင်နေချိန်မှာ ဘာတွေ မလုပ်သင့်ဘူးလဲ
ကြွက်သားဆိုတာ လူ့ခန္ဓာကိုယ်ရဲ့ အကြီးမားဆုံး ကိုယ်တွင်းအင်္ဂါဖြစ်သလို ကျွန်တော်တို့တွေ အချိန်နဲ့အမျှ လုပ်ဆောင်မှုမျိုးစုံမှာ အသုံးချနေရတာကြောင့် နာကျင်ကိုက်ခဲမှုက အမြဲဖြစ်နေနိုင်ပါတယ်။
ဒီလိုမျိုး ကြွက်သားနာကျင်ကိုက်ခဲစေတဲ့ အကြောင်းရင်းတွေထဲမှာ
- လေ့ကျင့်ခန်း အပြင်းအထန်လုပ်တာ
- ကိုယ်နေဟန်ထား မမှန်တာ
- အထိုင်များပြီး လှုပ်ရှားမှုနည်းတာ
- မာကျောတဲ့ အရာဝတ္ထုတစ်ခုခုနဲ့ ထိခိုက်မိထားတာ
- လေးပင်တဲ့အရာတွေကို ထမ်းပင့်ထားရတာ
- ပြင်းပြင်းထန်ထန် နေမကောင်းဖြစ်ထားတာ စတာတွေ ပါဝင်ပါတယ်။
တခြားကျန်းမာရေးကြောင့်ဆိုရင်တော့
- ကိုယ်ခံအားစနစ် ဖောက်လွဲဖောက်ပြန်ဖြစ်တဲ့ Autoimmune Diseases တွေ
- ရောဂါပိုးဝင်တာ
- ရောဂါကြောင့် သောက်နေရတဲ့ဆေးတွေရဲ့ Side Effects တွေ
- တစ်ရှူးကင်ဆာ၊ သွေးကင်ဆာတွေ
- သတ္တုဓာတ် မျှခြေပျက်ယွင်းတာ
- စိတ်ဖိစီးမှုများတာ စတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
များသောအားဖြင့် ကျန်းမာရေးနဲ့ မသက်ဆိုင်တဲ့ ကြွက်သားနာကျင်ခြင်းဟာ ယာယီအခြေအနေသာ ဖြစ်နိုင်ပြီး ကာလရှည်ကြာ ဖြစ်တာမျိုးတွေ တော်တော်လေးရှားပါတယ်။ ဒါပေမယ့် ကြွက်သားနာကျင်နေချိန်မှာ နာနေတဲ့ဒဏ် မြန်မြန်သက်သာစေဖို့နဲ့ မလိုအပ်တဲ့ နောက်ဆက်တွဲပြဿနာတွေ မဖြစ်ရအောင် ခုပြောပြပေးမယ့် အချက်တွေကို ဂရုပြုပြီး လိုက်နာရှောင်ကြဉ်သင့်ပါတယ်။
- မလိုအပ်ဘဲ လေ့ကျင့်ခန်းအပြင်းအထန်လုပ်တာတွေ ရှောင်ပါ။ ကြွက်သားနာကျင်လို့ အနားယူရမယ့်အချိန်မှာ ကိုယ်ဆော့ခဲ့သမျှ သဲထဲရေသွန်ဖြစ်သွားမလားဆိုပြီး လေ့ကျင့်ခန်းထပ်လုပ်ရင် အပ်နဲ့ထိုးရမယ့်အနာ ပေါက်ဆိန်နဲ့ပေါက်သလို ဖြစ်သွားနိုင်ပါတယ်။ ဘယ်သူဘာပြောပြော ကိုယ့်အတွက် အနားယူသင့်တယ်ဆိုတဲ့ အခြေအနေတစ်ခုမှာ အနားယူဖို့ မမေ့ပါနဲ့။
- နီရဲတဲ့အသားတွေ၊ အငန်ဓာတ်၊ အချိုဓာတ်တွေ၊ ကဖင်းဓာတ်တွေကို အလွန်အကျွံ စားသုံးတာကို ရှောင်ပါ။ အဲဒီအစား အရည်များများသောက်ပေးပြီး ကြက်သား၊ ငါး၊ နို့ထွက်ပစ္စည်း၊ ဥအမျိုးမျိုး၊ ပဲ၊ အစေ့အဆန် စတာတွေကို ပိုစားပေးသင့်ပါတယ်။
- ခါတိုင်းထက် ပိုပြီး အိပ်ရေးဝအောင် အိပ်စက်အနားယူပါ။ လူတွေအိပ်နေတဲ့အခါမှာ ပျက်စီးနေတဲ့ ကြွက်သားဆဲလ်တွေကို ပြုပြင်ပေးသလို ခန္ဓာကိုယ်ကနေ ကြွက်သားမျှင် အသစ်တွေကို ပိုမိုဆောက်လုပ်ပေးဖို့ ကူညီပါတယ်။ ဒါ့အပြင် နာကျင်မှုဝေဒနာကိုလည်း သက်သာစေတာကြောင့် ကြွက်သားနာကျင်ချိန်မှာ အနည်းဆုံး ညအိပ်ချိန် (၈) နာရီလောက် အိပ်စက်အနားယူပေးသင့်ပါတယ်။
- ရေများများသောက်ပါ။ ရေဓာတ်ဟာ ခန္ဓာကိုယ်တွင်း အပူချိန်နဲ့ အရောင်ကျစေသလို ကြွက်သားဆဲလ်တည်ဆောက်ရာမှာ ကူညီပေးမယ့် Electrolytes တွေကိုလည်း ပိုမိုထုတ်လုပ်ပေးနိုင်ပါတယ်။
- တစ်နေ့တာ မတ်တပ်ရပ်တာ၊ ထိုင်တာ၊ လှဲတာ၊ လှုပ်ရှားသွားလာတဲ့အခါမျိုးမှာ ကိုယ်နေဟန်ထား မမှားယွင်းအောင်နဲ့ သက်သောင့်သက်သာဖြစ်အောင် နေသင့်ပါတယ်။ တောက်လျှောက် ထိုင်နေတာ၊ လှဲနေတာမျိုးတော့ မလုပ်သင့်ပါဘူး။ လေ့ကျင့်ခန်းမလုပ်တဲ့တိုင်အောင် ကိုယ်လက်လှုပ်ရှားမှု တစ်ခုခုရှိခြင်းက ကြွက်သားတွေရဲ့ ခံနိုင်ရည်စွမ်းနဲ့ ကြံ့ခိုင်မှုကို ကူညီပေးရာရောက်ပါတယ်။
- စစချင်းနာတဲ့အချိန်မှာ ကြွက်သားနာကျင်တဲ့နေရာကို ရေနွေးကျပ်ထုတ်ထိုးတာ၊ ရေခဲအိတ်ကပ်တာမျိုး လုပ်ပေးနိုင်ပါတယ်။ ညအိပ်ကာနီးမှာ ဒဏ်ကြေဆေးကို သေချာလိမ်းပေးပါ။ လုံးဝမသက်သာဘူးဆိုမှ အကိုက်အခဲပျောက်ဆေးကို သောက်ပါ။ စစချင်းနာတဲ့အချိန်မှာ မလိုအပ်ဘဲ အကိုက်အခဲပျောက်ဆေးသောက်တာမျိုး တတ်နိုင်သလောက် ရှောင်ပါ။
အကယ်လို့ တစ်ပတ်ထက်ပိုပြီး နာကျင်ကိုက်ခဲနေတယ်၊ အဖျားတက်ပြီး ပိုဆိုးလာတယ်ဆိုရင်တော့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ သေချာပြသကြည့်ဖို့ အကြံပေးချင်ပါတယ်။
ရဲမျိုးမြတ်